Local News

တစ်ပိဿာ ကျပ် ၅ သိန်းကျော်ရှိ နံ့သာဖြူများ လက်မှုပုံစံမျိုးစုံဖြင့် အရောင်းသွက်နေ

Last Updated:

ပြည်တွင်းစျေးကွက်အတွင်း  အရည်အသွေး၊ အရွယ်အစားပေါ် မူတည်ပြီး တစ်ပိဿာ ကျပ် ၅ သိန်းမှ ၇ သိန်း ကျော်တန်ဖိုးရှိ ဆေးဖက်ဝင်နံ့သာဖြူများကို လက်မှုပုံစံမျိုးစုံ ဖန်တီးရောင်းချမှုများရှိနေပြီး အရောင်းသွက်နေကြောင်း နိဗ္ဗာန်ကုန်နှင့် လက်မှုထည်လုပ်ငန်းရှင်များနှင့် နံ့သာဖြူစိုက်ပျိုးရေးလုပ်ကိုင်သူများက ပြောကြားကြောင်း သိရှိရသည်။
နံ့သာဖြူအနှစ်သားကို အသုံးပြုပြီး  စိပ်ပုတီးမျိုးစုံ၊ လက်ဟန်အမျိုးမျိုးဖြင့် ထုလုပ်ပူဇော်ထားသော ဗုဒ္ဓဆင်းတုတော်များ၊ လက်ပတ်၊ ယပ်တောင်များ၊ ဆံထိုး၊ အထူးထုတ် နံ့သာတိုင်များ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် စျေးကွက်အတွင်း ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နံ့သာဖြူအသုံးပြုထားသည့် အမွေးတိုင်၊ အလှကုန်၊ ဆပ်ပြာစသဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များလည်း ရောင်းအားကောင်းနေကြောင်း သိရှိရသည်။
ရနံ့သင်းပျံ့သည့်အပြင် ကံကောင်း၊ လာဘ်ကောင်း လက်မှုပစ္စည်းများကလည်း ဆန်းသစ်သည့်အတွက် လူကြိုက်များပါကြောင်း၊ လက်ပတ်အနေဖြင့် ၁၈ လုံး၊ ၂၀ လုံး တကယ် အရည်အသွေးပြည့် နံ့သာဖြူအနှစ်သားနဲ့ လုပ်ပေးထားသည့်အတွက် ပြည်တွင်းရော၊ ပြည်ပကပါ အော်ဒါအမှာတွေ များပါကြောင်း၊ ဆိုင်ကတော့ အသင့်အတင့် ဖြစ်ပါကြောင်း၊ အွန်လိုင်းက အမှာများဖြင့် ပိုရောင်းရပါကြောင်း၊ ပုတီးနှင့်ဆင်းတုတော်များ  အော်ဒါ ပိုရောင်းရပါကြောင်း ရန်ကုန်အခြေစိုက် လက်မှုထည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။
စျေးနှုန်းများအနေဖြင့် ဉာဏ်တော် (၇) လက်မ ဘုရားဆင်းတုတော်တစ်ဆူလျှင် ကျပ် ၉ သိန်းခွဲ၊ ၁ ဒသမ ၈ လက်မ ဆင်းတုတော်တစ်ဆူလျှင် ကျပ် ၁ သိန်းဝန်းကျင်၊ ဉာဏ်တော် ၁ ဒသမ ၅ လက်မ ဆင်းတုတစ်ဆူလျှင် ကျပ် ၇၀,၀၀၀၊ အရှည် ၉ လက်မ နံ့သာဖြူ ယပ်တောင်တစ်ချောင်း ကျပ် ၂ သိန်းဝန်းကျင်၊ ၁၈ လုံးပါ လက်ပတ်တစ်ခုလျှင် ကျပ် ၆၉,၀၀၀ စသဖြင့် လက်ရာ၊ အရည်အသွေး၊ ဆိုင်ပေါ် မူတည်ပြီး စျေးနှုန်းအမျိုးမျိုးရှိပါကြောင်း သိရှိရသည်။
နံ့သာဖြူအနှစ်သားများကိုလည်း  တစ်ကျပ်သားမှစ၍ ရောင်းချမှုများရှိနေပြီး စျေးနှုန်းမှာ တစ်ကျပ်သား ကျပ် ၅,၀၀၀ မှ ၇,၅၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး နေရာဒေသနှင့် အရည်အသွေးပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှု ရှိပါကြောင်း သိရှိရပါသည်။
နံ့သာဖြူအနှစ်တုံးကို သွေးလိမ်းလျှင် ရနံ့သင်းပျံ့သည့်အပြင် အသားအရေကို အေးမြစေပြီး ဝက်ခြံနှင့် ဓာတ်မတည့်ခြင်းများ သက်သာစေသည့်အတွက် တစ်ကျပ်သားအတုံးများမှာလည်း ရောင်းအားကောင်းနေကြောင်း သိရှိရပါသည်။
Source: https://opinionleadersmedia.com

 

Category: Local News